Work From Home 3 years

Work From Home နဲ့ အလုပ်စလုပ်ခဲ့ရတာ အခုဆို သုံးနှစ်ကျော်ရှိရောပေါ့။ မြန်မာမှာ covid positive လူနာ စမတွေ့ခင်အချိန် 2020 March လ ဒုတိယ အပတ်လောက်မှာ အလုပ်ကိစ္စနဲ့ ထိုင်းသွားခဲ့ရပီ ပြန်လာတည်းက quarantine ဝင်တဲ့သဘောနဲ့ အိမ်ကနေ စလုပ်ခဲ့ရာကနေ မြန်မာမှာ Covid first positive လူနာစတွေ့ပြီး မကြာဘူး တရုံးလုံး WFH စခဲ့တာကနေ ခု ချိန်ထိပါပဲ။

WFH လုပ်ရတာမှာ သဘောအကျဆုံးကတော့ မနက်စောစောထပြီး ရုံးသွားစရာမလိုတာပဲ။ 😅 မနက် အိပ်ယာနိုးတာနဲ့ မျက်နှာသစ်ပီး အလုပ်စားပွဲထလိုက်ရုံပဲ။

အရင်တည်းက ကိုယ်အိမ်မှာ ကိုယ် workspace ကို စားပွဲလေးနဲ့ သေချာလုပ်ချင်ခဲ့တာ မလုပ်ဖြစ်ခဲ့ဘူး။ အရင် အင်တာနက်ဆိုင်ဖွင့်တုန်းကကျန်တဲ့ စားပွဲနှစ်လုံးကို ကန်လန့်ထားပီ ၅ပေ၂ပေ အထပ်သားပြားကိုပဲ အပေါ်ကထပ်ရိုက်ပီး လုပ်ထားရာကနေ WFH လုပ်ရတာ အချိန်ကြာလာတာနဲ့အမျ စားပွဲတွေ မော်နီတာတွေ ကီးဘုတ် အကုန်သေချာ upgrade လုပ်လာဖြစ်တယ်။

WFH ဆိုတဲ့အတိုင်း အလုပ်ချိန်ဆိုလည်း အိမ်က ဒီ အလုပ်စားပွဲမှာပဲ အလုပ်ချိန်ပီးလည်း ဒီစားပွဲမှာပဲ အချိန်ကုန်ဖြစ်နေတယ် အလုပ်ကိုလည်း နေ့နေ့ညည အလုပ်ရှိရင် ရှိသလို အချိန်မခွဲခြားနိုင်ပဲ လုပ်နေမိတယ်။ ကောင်းလားဆိုတော့ ကောင်းတော့ မကောင်းဖူးပေါ့ ကိုယ်ပိုင်အချိန်တွေလျော့နည်းလာတယ်။

WFH မှာ အဓိက ပြသာနာကတော့ လျှပ်စစ်မီးနဲ့ အင်တာနက်ပဲ။ အင်တာနက်ကတော့ အရင်ထဲက speed များများ ယူထားဖြစ်ပါတယ် Myanmar Net service ကောင်းလွန်းလို့ 5BB ကိုတောင် ပြောင်းလိုက်ရတယ်။ ကိုယ်က ဒီအင်တာနက်ရှိမှ အလုပ်လုပ်လို့ရတာ အင်တာနက် မရတာကိုတော့ တစက်လေးမှ အထိမခံနိုင်ဘူး။ လျှပ်စစ်မီးကတော့ ဆိုလာတပ်ချင်ပေမယ် နေရာအခက်ခဲကြောင့် အင်ဗာတာ ဘတ်ထရီကောင်းကောင်းပဲ ဆင်ထားလိုက်တာ Wi-Fi စက် laptop power တအိမ်လုံးရဲ့ ဖုန်းအားသွင်းတာတွက်ကတော့ ဝယ်ထားတဲ့ တစ်နှစ်ကျော်အတွင်း မီးပျက်တဲ့ကာလမှာ ဘတ်ထရီအားကုန်တာတော့ မကြုံဖူးသေးတော့ မဆိုးလှပါဘူး။ ဒါပေမယ် မော်နီတာကို အင်ဗာတာ ဘတ်ထရီမသုံးရဲဘူး ပျက်မှာစိုးတော့ မီးပျက်တဲ့ချိန် အလုပ်လုပ်ရတာ screen သေးတော့ သိပ်အားမရဘူး။

ရာသီဥတု… ရာသီဥတုကတော့ သိတဲ့တိုင်း ဒီနွေအတော်ပူပြင်းလှတယ် မီးပျက်တဲ့ချိန်ဆို ရုံးမှာလိုမီးစက်နဲ့ အဲကွန်းနဲ့ မဟုတ်တော့ အင်္ကျီတောင် မကပ်နိုင်ဘူး ရေစိမ်ပီးသာ အလုပ်လုပ်ချင်စိတ်တွေပဲပေါက်တယ်။ တအားပူလွန်းတော့ အလုပ်ကို focus သိပ်တော့ မလုပ်နိုင်ဖူးပေါ့ ဒါမယ်လည်း အရေးကြီးရင် ကြီးသလို ညဘက်မီးလာတဲ့ချိန် အေးအေးလူးလူး ပြန်လုပ်ဖြစ်ပါတယ်။

WFH ဆိုတော့ အလုပ်ကိစ္စ team ကလူတွေနဲ့စကားပြောတာ meeting ဘာညာကတော့ ကိစ္စ မရှိလှပေမယ် client နဲ့ meeting တွေမှာတော့ လမ်းထဲလာတဲ့ အလှူခံစျေးသည်တွေရဲ့အသံကတော့ အတော်ဒုက္ခပေးတယ် မကြာခင် သတင်းကျွတ်ကထိန် ကာလရောက်ရင် အိမ်နားက ဘုန်းကြီးကျောင်းရဲ့ လော်ဒဏ်တွေ ခံစားရအုံးမှာပေါ့လေ။

WFH လုပ်ရတာကတော့ ကောင်းတာဆိုးတာ အများကြီးရှိပါတယ် ကိုယ်အိမ်မှာ ကိုယ်ဆို အိမ်တွက် တခုခုလိုတာဆိုလည်း အိမ်မှာ ရှိနေရတော့ အေးအေးဆေးဆေးပါပဲ။ အလုပ်လုပ်ရင်း ပူလာရင်လည်း ရေထချိုးရင် ချိုးလိုက်တာပဲ ငိုက်ရင်လည်း တရေးလောက်မှေးရင် မှေးလိုက်တာပဲ (အလုပ်ကတော့ ပီးတယ်နော်) မပီးလည်း ပီးအောင် လုပ်ရမှာကိုး 😅

ခုထိတော့ WFH လုပ်ရတာ ကြာတော့ ရုံးတက်ချင်စိတ်မရှိတော့ဘူး ရုံးသွားရင် ကားခလည်းကုန်တာကိုး ဘယ်ချိန်ထိ WFH ပဲ ဒီအလုပ်မှာ ဆက်လုပ်နေဖြစ်မလည်း မသိဘူး။ ဒီ WFH ကာလာမှာပဲ Backend Team Lead အပြင် Technical Lead position ကိုပါ တွဲလုပ်လာရတော့ တာဝန်ပိုကြီးလာသလို အလုပ်လည်း ပိုပိုများလာတယ်ထင်တာပဲ။ သေချာတာကတော့ ခုနှစ်ကုန်ထိတော့ WFH ပဲဆက်လုပ်ဖြစ်နေအုံးမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *